တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့လွှတ်ေတာ်အဆောက်အအုံရှိလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့သို တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို ၇၀ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ယင်းနောက် ကြယ်ပွင့်ပြထားသည့် မေးခွန်း(၉ )ခုကို လွှတ်တော်ကိုယ်စားလှယ်( ၉ )ဦးကမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြင့်တင်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗွီဒီယိုရုံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို လွှတ်တော်သို တင်သွင်းသည်။
ယင်းနောက် လွှတ်တော်ဥက္ကဌကဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ တင်သွင်းသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗွီဒီယိုရုံဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးအကြီးအမှူးထံ (၂၅-၈-၂၀၂၆)ရက်နေ့ ညနေ (၁၅၃၀)နာရီအရောက် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး ဒဿမနေ့ကို ဩဂုတ်လ (၂၁)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
