တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့လွှတ်ေတာ်အဆောက်အအုံရှိလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့သို တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို ၇၇ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်း တင်သည်။
ယင်းနောက် ကြယ်ပွင့်ပြထားသည့် မေးခွန်း(၉)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးကမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားခဲ့ကြသည်။
ဆက်လက်၍"၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေအသုံးစရိတ် စာရင်းများ"နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ကိုယိစား တိုင်းဒေသကြီးစိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဆန်းဝင်းက လွှတ်တော်သို့ တင်သွင်းသည်။
ထို့နောက် လွှတ်တော်ဥက္ကဌက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ၊ တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ကိုယ်စား တိုင်းဒေသကြီးစိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဆန်းဝင်းမှ တင်သွင်းသော “၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ အစည်းများ၏ ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေအသုံးစရိတ် စာရင်းများ" နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက (၁၃-၈-၂၀၂၆)ရက် ညနေ (၁၅)နာရီအေရာက် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး ပဉ္စမနေ့ကို ဩဂုတ်လ (၁၃)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
